Logo
မေတ္တာရိပ်မြုံ
ဖောင်ဒေးရှင်း
About Our Foundation

မေတ္တာရိပ်မြုံဖောင်ဒေးရှင်း
အကြောင်း

မေတ္တာရိပ်မြုံဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍ များတွင် အကူအညီနှင့် ထောက်ပံ့မှု လိုအပ်နေသူများအား အချိန်မီ၊ ထိရောက်စွာ ကူညီပံ့ပိုးနိုင်ရန် ရည်ရွယ်၍ တည်ထောင်ထားသော အကျိုးအမြတ်မယူသည့် (Non-Profit) ဖောင်ဒေးရှင်းတစ်ခု ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များ

ဖောင်ဒေးရှင်းသည် အလှူရှင်များနှင့် အကူအညီလိုအပ်နေသူများအကြား ယုံကြည်စိတ်ချရသော ပေါင်းကူးတံတားတစ်ခု အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ခေတ်မီ အွန်လိုင်းစနစ် (Information Management System) ကို အသုံးပြု၍ အလှူငွေလက်ခံခြင်း၊ စီမံခန့်ခွဲခြင်း၊ ခွဲဝေထောက်ပံ့ခြင်းနှင့် အသုံးပြုမှုအခြေအနေများကို ပွင့်လင်းမြင်သာစွာ စီမံဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ထို့ကြောင့် အလှူရှင်များအနေဖြင့် မိမိတို့၏ လှူဒါန်းငွေများကို မည်သည့်နေရာတွင် မည်သို့အသုံးပြုခဲ့သည်ကို လွယ်ကူစွာ သိရှိနိုင်မည်ဖြစ်ပြီး၊ အကူအညီလိုအပ်နေသူများသည်လည်း မျှတ၍ ထိရောက်သော အထောက်အပံ့များကို ရရှိနိုင်မည်ဖြစ်ပါသည်။

မေတ္တာရိပ်မြုံဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအတွင်း အများပြည်သူအကျိုးကို ရှေးရှု၍ မည်သည့်အကျိုးအမြတ်ကိုမျှ မရယူဘဲ လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုကူညီစောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် အခြားလိုအပ်သော လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတစ်ဝှမ်း အဆင့်ဆင့် တိုးချဲ့ အကောင်အထည် ဖော်သွားရန် ရည်မှန်းထားပါသည်။

လူမှုကူညီစောင့်ရှောက်ရေး

အများပြည်သူအကျိုးကို ရှေးရှု၍ မည်သည့်အကျိုးအမြတ်ကိုမျှ မရယူဘဲ လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်သွားမည်။

ပညာရေးနှင့် ကျန်းမာရေး

ပညာရေး၊ ကျန်းမာရေး၊ လူမှုကူညီစောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် အခြားလူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်။

ကျောက်ကပ်ဆေးလူနာများ ကူညီထောက်ပံ့ရေး

ဖောင်ဒေးရှင်း၏ ပထမဆုံးအစီအစဉ်အဖြစ် ကျောက်ကပ်ရောဂါကြောင့် ပုံမှန်ကျောက်ကပ်ဆေးကုသမှု ခံယူနေရသော လူနာများအား လစဉ်ငွေကြေးထောက်ပံ့ပေးမည်။

ကျောက်ကပ်ဆေးလူနာများအတွက် ထောက်ပံ့ရေးအစီအစဉ်

အချက်အလက်စိစစ်၍ အတည်ပြုထားသော လူနာတစ်ဦးလျှင် တစ်လလျှင် ကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် အနည်းဆုံး (၆) လ ဆက်တိုက် ထောက်ပံ့ ပေးသွားမည် ဖြစ်ပါသည်။

ရည်ရွယ်ချက်

ယင်းထောက်ပံ့ငွေသည် လူနာတစ်ဦး၏ ကုသမှုကုန်ကျစရိတ်အားလုံးကို လုံလောက်စွာ ကာမိစေရန် မရည်ရွယ်သော်လည်း၊ ဆေးကုသမှုဆက်လက်ခံယူနိုင်ရန် အတိုင်းအတာတစ်ခုအထိ အထောက်အကူ ဖြစ်စေရန်နှင့် အလှူရှင်များ၏ လှူဒါန်းငွေများမှ အကျိုးခံစားနိုင်သော လူနာအရေအတွက်ကို ပိုမိုများပြားစေရန် ရည်ရွယ်၍ ဤပုံစံဖြင့် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

အနာဂတ်အစီအစဉ်များ

ကျောက်ကပ်ဆေးလူနာများအတွက် ထောက်ပံ့ရေးအစီအစဉ်သည် စနစ်တကျ တည်ငြိမ်စွာ လည်ပတ်နိုင်သည့် အဆင့်သို့ ရောက်ရှိလာသည်နှင့်အမျှ ဖောင်ဒေးရှင်းသည် ပညာရေး အထောက်အပံ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများနှင့် အခြားလိုအပ်သော လူမှုအကျိုးပြုအစီအစဉ်များကို အဆင့်ဆင့် တိုးချဲ့ အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ရည်မှန်းချက်

"မေတ္တာမျှဝေ၊ မျှော်လင့်ချက်ဖန်တီး၊ ဘဝများကိုပြောင်းလဲပေးမည်"

မေတ္တာရိပ်မြုံဖောင်ဒေးရှင်းသည် လူတိုင်း၏ မေတ္တာနှင့် စေတနာကို စုစည်း၍ အကူအညီလိုအပ်နေသူများထံ အချိန်မီ၊ မှန်ကန်စွာ ရောက်ရှိစေခြင်းဖြင့် "မေတ္တာမျှဝေ၊ မျှော်လင့်ချက်ဖန်တီး၊ ဘဝများကိုပြောင်းလဲပေးမည်" ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

ဆက်သွယ်ရန်

ဖောင်ဒေးရှင်းအကြောင်း မေးမြန်းလိုပါက ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။